လှိုင် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၈)ရပ်ကွက်၊ သုခမြိုင်လမ်းတွင် ယနေ့နံနက် ၉:၃၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် လှိုင်မြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်းမှ ဦးဆောင်၍ ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကာ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းတို့တွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံစားသောက်ကုန်များကို ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/-ကျပ်၊ စားဆီတစ်ပိဿာလျှင် ၄၈၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင်