မြင်းခြံမြို့နယ် ဇီးပင်ကန်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မြင်းခြံ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး၊ အေးချမ်း တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး (၅) ကြောင်း ဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ဇီးပင်ကန်ကျေးရွာ အခြေခံပညာကျောင်းတွင် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးတင်ငြိမ်းက ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့အတွက် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထွန်းလင်းအောင်က ရပ်ရွာအေးချမ်းတည် ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာများကို လည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကျေးရွာဖွံ့ဖြိုးရေး ပူးပေါင်းဆောင် ရွက်သွား နိုင်မည့် အခြေအနေများကို မိမိတို့ဌာနအလိုက် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇီးပင်ကန်ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဇီးပင်ကန် ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)