ကျောက်ဖြူ စက်တင်ဘာ ၁၆
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် (Worid Ozone Day) အဖြစ် ယနေ့နံနက်(၈)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့သွားရောက်ကာ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်/မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက လူသွားလူလာများပြီး လူစည်ကားရာနေရာများဖြစ်သည့် နာရီစင်ရှေ့လမ်းမတန်း တစ်လျှောက်နှင့် မြို့မစည်ပင်သာယာဈေးကြီးသို့ သွားရောက်ပြီး လမ်းသွား၊ လမ်းလာ ပြည်သူများ၊ အငှားယာဉ်မောင်းနှင်နေသူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် ဆိုင်ခန်းအသီးသီးတွင် ဈေးရောင်းချနေသူများကို အိုဇုန်းလွှာထိန်းသိမ်းရေး အကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်များမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် “အိုဇုန်းလွှာပျက်စီးမှုနှင့် ရာသီဉတုပြောင်းလဲမှုအကြား ဆက်နွယ်မှုများအကြောင်းသိကောင်းစရာ” အသိပညာပေး လက်ကမ်း စာစောင်၊ “အိုဇုန်းလွှာကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများ” အသိပညာပေးလက်ကမ်းစာစောင်၊ “၃၅ နှစ်တာ မွန်ထရီရယ်အောင်မြင်မှု ခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်းပူးပေါင်းဆောင်ရွက်စို့” အသိပညာပေး လက်ကမ်း စာစောင်နှစ်စောင် စသည့်အသိပညာပေးလက်ကမ်းစာစာင်လေးမျိုးအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း