စစ်တွေ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အကဲဖြတ်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။
ဦးစွာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ဖျော်ဖြေတင်ဆက်ခဲ့သည် ဆီမီးတစ်ထောင်ကြာသွပ်ပွဲယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများအားလည်းကောင်း၊ ကဗျာလွတ် အကပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်းပေး အပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြိုင်ပွဲများတွင် ဘာသာရပ်အလိုက် ဆုရရှိသူများကို အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများက ကပြသီဆိုဖျော်ဖြေကြပြီး ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ ပြိုင်ပွဲဝင်ရန်သတ်မှတ်ထားရှိသည့် မွန်ရိုးရာယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ကြကာ ဆုရရှိကြသူများ၊ ဖျော်ဖြေရေး ယိမ်းအဖွဲ့များက ငါရို့ ရခိုင်သား တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆုရရှိကြသူများ၊ ဖျော်ဖြေရေး ယိမ်းအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ကာ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ ထိကျင်းပခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် (၁၃၆)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အသီးသီးအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ကြေးတံဆိပ်ဆုနှင့် နှစ်သိမ့်ဆု အပါအဝင် ဆုစုစုပေါင်း ၇၈ ဆုကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း