ချီဖွေ စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းကျောင်း (ဥက္ကပ်)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စာရိတ္တရေးရာ တိုးမြှင့်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေအသိဉာဏ် ထက်မြတ်တိုးပွားစေရန် ရည်ရွယ်၍ ယနေ့မွန်းလွှဲ (၁)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများကို “လူငယ်နှင့် ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် ဟောပြောရာ ပညာဆိုရာတွင် စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာစသည့် ပညာရပ်အမျိုးအစား များစွာရှိသဖြင့် လူငယ်ဘဝ ပညာသင်ချိန်အရွယ်မှစပြီး မိမိဝါသနာ ဗီဇစရိုက်နှင့် ကိုက်ညီသည့် ရည်မှန်းချက်ထားရှိပြီး ကြိုးစားကြရန် လိုအပ်ကြောင်း၊ ဘဝအောင်မြင်မှုရရှိစေရန် စာတတ်သည်နှင့် ပညာတတ်သည်မှာ မတူသောကြောင့် အတတ်ပညာများပါ လေ့လာသင်ယူမှသာ ဘဝတစ်လျှောက်လုံး ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည် အဆင်ပြေစွာနေနိုင်ရေး အသိပညာ၊ ဗဟုသုတများ ပြည့်ဝရန် လိုအပ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအတွက် ပြင်ပဗဟုသုတရရှိစေရန် ကျန်းမာရေးဆိုင်ရာ ပိုစတာများနှင့် လူငယ်လူရွယ်များ လူကုန်ကူးမှုမခံရအောင် လူကုန်ကူးမှု တာဆီးကာကွယ်နိုင်ရေး အသိပညာပေးပိုစတာများကို ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
မေခမွန်(ပြန်/ဆက်)