သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး ရေးအတွက် တာဝန်ရှိသူများနှင့်ချမ်းသာကြီးကျေးရွာဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

သာစည် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး  မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့်ချမ်းသာကြီးကျေးရွာဒေသခံ ပြည်သူများ ယနေ့နံနက် ၉နာရီက အဆိုပါကျေးရွာရှိ အသောကကျောင်းတိုက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ အဆိုပါကျောင်းတိုက်ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့်လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက်ဆွေးနွေးပွဲစတင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုး သက်ကျော်က အမှာစကားပြောကြားရာတွင် ကွင်းဆင်းဆောင်ရွက်ရခြင်းအကြောင်း၊ ဒေသခံ ပြည်သူများက မိမိတို့ဒေသရှိအခက်အခဲများ တင်ပြဆွေးနွေးကြရန်နှင့် တင်ပြဆွေးနွေးရာတွင် အများအကျိုးရှိစေမည့် ကိစ္စရပ်များအား ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးတေဇာမြင့်က နိုင်ငံရေးအခြေအနေများ၊   နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အားအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကိုရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက  မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီးဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် တက်ရောက်လာသော ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်း စည်းများဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်စေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက် ပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)