မက်မန်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃နာရီ တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ကြူနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိမ်နန်းမေတို့က မက်မန်းမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းလျာထား ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရပ်မိရပ်ဖများက ဒေသတွင်းလိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက လိုအပ်သည်များကို ပေါင်စပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)