မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မိုင်းယု စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်းစာပေများသာမက ပြင်ပစာပေများပါ စာပေဖတ်ရှု လေ့လာ တတ်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးခြင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာမဖတ်သူတို့၏ အတွေးအခေါ်များအကြောင်းတို့ကိုလည်းကောင်း၊ မြို့မီးသတ်တပ်ဖွဲ့ လက်ထောက်ဦးစီးမှူး ဦးစိုင်းအွန်ခမ်းက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးဖြစ်ပေါ်ပုံ၊ ဂတ်(စ်)အိုးမီးလောင်ကျွမ်းမှုတွင် မီးငြိမ်းသတ်ပုံများ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိှမ်းသတ်ပုံများစသည်တို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ များ အသိပညာဗဟုသုတများရရှိစေရန် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်