နမ့်ခမ်းမြို့၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နမ့်ခမ်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြည်သူများမှ မိုးရာသီကာလအတွင်း ဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကူးစက်ဖြစ်ပွားမှု မရှိစေရန်နှင့် ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ ပြည်သူများမှ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကူးစက်ဖြစ်ပွားမှု မရှိစေရန်နှင့် ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များနှင့် ဆိုင်ခန်းများတွင် ရေစည်ရေအိုးများကို ခြင်မဝင်နိုင်ရန် လုံခြုံစွာ ဖုံးအုပ်ထားခြင်း၊ ရေအိုး၊ ရေခွက်၊ ရေစည်များအားလုံး၏ အတွင်းပိုင်းကို တိုက်ချွတ် ဆေးကြော၍ တစ်ပတ်တစ်ကြိမ် သွန်ပစ်ခြင်း၊ ပန်းအိုးများ၏ အတွင်းနံရံကို တိုက်ချွတ်ဆေးကြော တစ်ပတ် တစ်ကြိမ် ရေလဲခြင်း၊ သောက်သုံးရေကို ရေစစ်ဖြင့် စစ်၍ သောက်သုံးခြင်း(ဖုံး၊ သွန်၊ လဲ၊ စစ်)၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေသည့် ခြင်သည် နေ့အခါတွင် ကိုက်လေ့ရှိသောကြောင့် ကလေး၊ လူကြီးများ နေ့အချိန် အိပ်စက်အနားယူသည့်အခါ ခြင်ထောင် ထောင်အိပ်ခြင်း၊ နေအိမ် အတွင်း အလင်းရောင်ရရှိစေရန် နေ့ပိုင်းတွင် အိမ်တံခါးများ ဖွင့်ထားခြင်း၊ ကြောင်အိမ်အောက်ခံ ခွက်များထဲသို့ ဓာတ်ဆီ၊ ဒီဇယ်နှင့် ဆားတစ်ခုခု လောင်းထည့်ထားခြင်း၊ ပတ်ဝန်းကျင်ရှိ ခြုံနွယ်များကို ရှင်းလင်းခြင်း၊ ခြင်အောင်းနိုင်သည့် အရာများ စနစ်တကျ စွန့်ပစ်ခြင်းနှင့် ဖြစ်နိုင်ပါက မြေမြှုပ်ပစ်ခြင်း စသည့် အသိပညာပေးလုပ်ငန်းများ ရှင်းလင်းဟောပြောပြီး မသွန် မလှယ်နိုင်သော ရေးကန်ကြီးများအတွင်းသို့ အဘိတ်(Abate) ပိုးလောက်လန်း သေဆေးခတ်ပေးခြင်းနှင့် ခြင်ဆေး ဖျန်းခြင်း၊ မှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကူးစက်ဖြစ်ပွားမှု မရှိစေရန်နှင့် ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)