တာလေ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ ကြီးမှူး၍ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်းသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာလေမြို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟိန်းဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအနေဖြင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦး စိစစ်သတ်မှတ်မှတ်နိုင်စေရန် ၊လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းများကို အဖွဲ့ဝင်များက စနစ်တကျအသုံးပြုတတ်စေရန်နှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာများကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ တာဝန်ရှိသူများက သင်တန်းတွင် လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ဥပဒေ၊ ခေတ်ကာလပြောင်းလဲမှုအပေါ်မူတည်ပြီး နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှု/လူမှောင်ခိုလုပ်ငန်း လုပ်ကိုင်နေမှုအခြေအနေများ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းခြင်းစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၇)ခုမှ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်(၄၉)ဦး တက်ရောက်ပြီး သင်တန်းကာလကို စက်တင်ဘာလ ၁၆ ရက်မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)