မြစ်သားမြို့နယ်တွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မြစ်သား၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာများသို့ကွင်းဆင်းကာ ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများကို ယမန်နေ့မှစ၍ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကျွဲ၊ နွားတိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ထိန်း ချုပ်ရန်ရည်ရွယ်ချက်ဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများကို () လတစ်ကြိမ် ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းအား မြစ်သားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်း များနှင့် CAHW သင်တန်းသားများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျွဲ၊ နွား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေးကို စက်တင်ဘာလမှစ၍ လိုက်လံထိုးနှံပေးသွားမည်ဖြစ်ပြီးလက်ရှိတွင် မြစ်သားမြို့နယ်၊ နှမ်းခင်းကျေးရွာအုပ်စုရှိ ကလုံကျေးရွာ၊ မြို့တွင်းကျေးရွာ၊ နှမ်းခင်းကျေးရွာများရှိ ကျွဲ၊ နွားကောင်ရေ (၄၀၀) ခန့်အား ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)