ပင်းတယ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ဒေသပညာရေးမှူးရုံး ဆိုင်းဘုတ်ဖွင့်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ ဒေသပညာရေးမှူးရုံးဆိုင်းဘုတ်အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ အဖွဲ့ဝင်(၃) လူဝင်မှုမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော် ဒေသပညာရေးမှူး(တာဝန်ခံ)တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်၍ ပညာခန်းမတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အမှာစကားပြောကြားရာတွင် ဒီကနေ့ဟာ ကျွန်တော်တို့ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပညာရေးကဏ္ဍအတွက် သမိုင်းဝင်တဲ့နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဓနုဒေသအတွက် ပညာရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး၊ နိုင်ငံတော်အစိုးရ၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေးနှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးအခန်းကဏ္ဍသည် များစွာပါဝင်၍ လူသားအရင်းအမြစ် မွေးထုတ်ရာတွင် မိမိနိုင်ငံနှင့်မိမိတို့ဒေသတွင် အတတ်ပညာသာမက အသိပညာပါကြွယ်ဝ၍ လူတော်လူကောင်းများပိုမိုပေါ်ထွန်းပါစေကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ဒေသပညာရေးမှူး(တာဝန်ခံ)မှ ဒေသပညာရေးမှူးရုံးဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ဒေသဥက္ကဋ္ဌမှ တက်ရောက်လာသည့် ဒေသအဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းတို့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)