ရမည်းသင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဝန်ထမ်းများအား နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာခဲနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

ရမည်းသင်း၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့ ပူးပေါင်း၍ ခရိုင်ပြန်/ဆက်ဝန်ထမ်းအား (Mask) နှာခေါင်းစည်း၊ လက်ဆေး ဆပ်ပြာခဲများနှင့် ကြက်ဥတို့ကို ယနေ့ နံနက် ၉နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ရုံး/ဌာနများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြီးကြပ်သူများ/တာဝန်ကျ ဝန်ထမ်းအချင်းချင်း သတိပေးပြောကြားရမည့်အချက်များကိုလည်းကောင်း၊ မိမိတို့ဌာနသည် အများပြည်သူကို အသိပညာပေးသောဌာနဖြစ်သဖြင့် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များကို လိုက်နာရေး၊ တာဝန်ဖြင့်သွားလာရသည့်အခါ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှ နေထိုင်ရန်နှင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာ ရေးစသည့်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝန်ထမ်းများအား နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာခဲနှင့် ကြက်ဥတို့ကို ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်တို့က ဝန်ထမ်းတစ်ဦးချင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ရမည်းသင်း)