မုဒုံမြို့နယ် Community Center ခန်းမ၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေး” အသိပညာပေး Talk Show ပြုလုပ်

မုဒုံ စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက “လူကုန်ကူးမှု တားဆီးကာကွယ်ရေး” အသိပညာပေးဆွေးနွေးပွဲ Talk Show ကိုပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဆက်ဆံရေးဦးစီးဌာန၊ မုဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ် အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့စုမှူး ရဲမှူးမိုးဦးက”လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုဖြစ်ကြောင်း၊ လူကုန်ကူးမှုများမှာ ပုံသဏ္ဍာန်နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော နိုင်ငံများသည် လူကုန်ကူးမှု၏ဆိုးကျိုးများကို ပိုမိုခံစားနေရကြောင်း၊ မြန်မာနိုင်ငံမှာ တွေ့ကြုံရသည့် လူကုန်ကူးမှုမှာ အဓမ္မလက်ထက်ထိမ်းမြားမှု၊ အဓမ္မ ပြည့်တန်ဆာပြုမှု၊ အဓမ္မအငှားကိုယ်ဝန်ဆောင်မှု၊ အဓမ္မခိုင်းစေမှု၊ အဓမ္မမွေးစားမှုဟူ၍(၅)မျိုး ရှိကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဉပဒေကို ၂၀၀၅ခုနှစ်၊ စက်တင်ဘာလ၁၃ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၃ခုနှစ်မှစတင်၍ စက်တင်ဘာလ(၁၃)ရက်နေ့ကို မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ လူကုန်ကူးမှုလျော့နည်းပပျောက်စေရန်အတွက် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး မိမိတို့၏ ပတ်ဝန်းကျင်တွင် လူကုန်ကူးမှုဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း သတင်းအချက်အလက်များ ရရှိပါက ဆက်သွယ် သတင်းပေးပို့နိုင်ပါကြောင်းနှင့် လူကုန်ကူးသူ ပွဲစားများသည် ငွေကြေးအမြတ်များ ရရှိနိုင်ရန် အတွက် နည်းလမ်းမျိုးစုံသုံး၍ အသက်အရွယ် ကျား/မ မရွေး လူကုန်ကူးရောင်းစားရန်အတွက် စောင့်ကြည့်နေကြကြောင်း၊ မည်သူမဆို လူကုန်ကူးခံရနိုင်၍ သတိပြုသင့်ကြောင်း” ဆွေးနွေး ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတိုးပွားစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူ များအတွက် အကျိုးရှိစေမည့် အသိပညာပေး Talk Show များကိုလည်း အွန်လိုင်းမှတဆင့် We Love Mudon Facebook Page တွင်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မုဒုံသူ