မိတ္ထီလာ၌ အပြင်ထွက်သွားလာသူများ နှာခေါင်းစည်း တပ်ဆင်သွားလာမှုများပြားလာ

မိတ္ထီလာ၊ စက်တင်ဘာ ၁၅

မိတ္ထီလာ၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် နှာခေါင်းစည်းတပ်ဆင်မှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များနှင့် အလှူရှင်စေတနာရှင်များပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ အသိပညာပေးခြင်းများကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာမှု များပြားလာကြောင်း သိရသည်။

မိတ္ထီလာမှာ အပြင်ထွက်သွားလာသူတွေကို နှာခေါင်းစည်းတပ်ဆင်မှု ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးပြီး Mask မတပ်ထားရင် Mask တစ်ခုကို ငါးရာကျပ်နဲ့ဝယ်ယူစေပြီး ချက်ချင်းတပ်ဆင်ပြီးမှ ဆက်လက်သွားလာစေတာမျိုးကို တာဝန်ရှိသူတွေက ရှောင်တခင်စစ်ဆေးဆောင်ရွက်တာမျိုးလုပ်တာရှိတယ်။ ပြီးတော့ မြို့နယ်အတွင်းက ပရဟိတလူမှုရေးအသင်းအဖွဲ့တွေနဲ့  အလှူရှင်စေတနာရှင်တွေ ပူးပေါင်းပြီး  နှာခေါင်းစည်းတွေ အခမဲ့ဖြန့်ဝေတာ၊ အသိပညာပေးတာကို ခပ်စိတ်စိတ်လုပ်ကြတယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ အပြင်ကိုမဖြစ်မနေ သွား လာတဲ့ လတ်တလောမှာ နှာခေါင်းစည်းတွေတပ်ဆင်သွားလာမှု များပြားလာတာပါဟု ရန်အောင်မြင်လူမှုရေးအသင်းမှ  ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းက ပြောသည်။

မိတ္ထီလာမြို့နယ်တွင်အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော  ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၄ ဦးရှိပြီး ၎င်းတို့အား ခရိုင်ပြည်သူ့ဆေးရုံကြီး အထူးရောဂါကုသဆောင်တွင် ကုသပေးလျက်ရှိပြီး အားလုံးကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ၊ ပြန်/ဆက်)