မချမ်းဘော့မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မချမ်းဘော့ စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က မချမ်းဘော့ကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးညီညီစိုးက  ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်က ထောက်ပံ့ပေးမှု အခြေအနေများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် မိဘဆရာ ပူးပေါင်းမှ ကလေးပညာကောင်းလာနိုင်မည် ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးလဘန်းဖုန်ဆားရ်က မိဘကော်မတီများ၊ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မိဘကော်မတီ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းသားမိဘ၊ ဆရာ၊ ဆရာမ ကျောင်းသားတို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ပညာသင်ကြားရေးတွင် ကောင်းမွန်သော ရလဒ်ကောင်းများ ရရှိမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် ပညာရည်ချွန် ကျောင်းသူကျောင်းသားများ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှ၊ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါ မချမ်းဘော့မြို့ အခြေခံပညာအထက်တန်း ကျောင်းသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အ‌နေဖြင့် ၃၃. ၃၃ ရာခိုင်နှုန်းထိ အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)