သုံးခွ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်သုံးခွမြို့နယ် လူစည်ကားရာနေရာများတွင် ပြည်သူ များ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး ခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မ ဈေးနှင့် ရှစ်မျက်နှာဘုရားရှေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းနိုင် ဦးဆောင် သောတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး ကျန်းမာရေးအသိပညာ ပေးများ ဆောင်ရွက်ခဲ့သည်။
ထို့အပြင် သုံးခွမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများရှိနေကြောင်း သိရှိရသဖြင့် ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများ မိမိနေအိမ်များ၌သာ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက တစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်သွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် ရောဂါကူးစက်မှုမရှိစေရေး မည့်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက လက်များအား အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆပ်ပြာနှင့်ရေဖြင့် ဆေးကြော ကြရန် အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်