မိုင်းခုတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်ကြရာ အမှတ်(၂)ရပ်ကွက် (ဝမ်ဝိန်း)ရှိ တောင်သူ ဉီးခန်းဝုန် ၏ ဆင်းဧကရီ(၃)၊ မိုးစပါး စံပြစိုက်ကွက်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုးစပါးများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစဌေးဝင်းနှင့် ဝန်ထမ်းများက တောင်သူများနှင့် အနီးကပ်ပူးပေါင်း၍ မြေမှန်၊ မျိုးမှန်၊ ရာသီမှန် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိမိလယ်မြေနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးရကြောင်းနှင့် မိုးစပါးမျိုးသန့်စံပြကွင်း၌ မျိုးကွဲနုတ်ပယ်ခြင်း၊ သွင်းအားစုများ ကြဲပက်ခြင်း၊ ပိုးသတ်ဆေးကို အချိန်မီဖြန်းနိုင်ရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းကို ကွင်းဆင်းဆောင်ရွက်ပြီး မိုးစပါးအထွက်နှုန်းကောင်းစေရေးအတွက် ရှင်းလင်းစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
ယခုနှစ် မိုးစပါးများစိုက်ပျိုးရာတွင် မိုးကောင်းရေသောက်စနစ်ဖြင့် စိုက်ပျိုးကြရာ လယ်စပါး (၃၅၈၀) ဧက၊ ယာစပါး (၁၈၆၅)ဧကနှင့် တောင်ယာစပါး(၁၁၀၀)ဧကရှိ၍ စုစုပေါင်းမိုးစပါးစိုက်ပျိုးမှု (၆၅၄၅)ဧက စိုက်ပျိုးပြီးစီးထားကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဉီးစီးဌာန၏ ဇွန် ၃၀ ရက်နေ့အထိ စာရင်းများအရသိရပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ရိတ်သိမ်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း မြို့စိုက်ပျိုးရေးဉီးစီးဌာနမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)