ကလော စက်တင်ဘာ ၁၆
အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စာနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ တိုးပွားလာသော အတိုးငွေတို့ဖြင့် ကျေးရွာ၏လိုအပ်ချက်နှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရန်၊ ကျေးရွာလူထု၏ စွမ်းဆောင်ရည်မြှင့်မားလာစေရန်နှင့် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ မြင်းမထိကျေးရွာအုပ်စု၊ နန်းအွန်ရွာမကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း (MSY) အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အရင်းငွေနှင့် အတိုးငွေများကို ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ ပြန်လည်ကောက်ခံပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ဒေသခံပြည်သူများကို အတိုးနှုန်းသက်သာစွာ နေ့ချင်းပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းနှင့်အဖွဲ့ဝင်များ၊ စီမံကိန်းတာဝန်ခံ ဦးစည်သူရဝင်းတို့က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ဒေသခံပြည်သူ(၈၀)ဦးတို့ကို အတိုးနှုန်းသက်သာစွာ ငွေ(၁၀၀)ကျပ်လျှင် (၁)ကျပ်နှုန်းဖြင့်ငွေကျပ် (၄၁၃) သိန်းအား လက်ဝယ်အရောက် နေ့ချင်း ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကတော့ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားလာခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာရရှိလာခြင်း၊ ဒေသခံပြည်သူများအကြွေး ဝန်ထုတ်ဝန်ပိုးလျော့ကျလာခြင်း၊ တိုးပွားလာငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် နိုင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်မားလာခြင်းတို့ ရရှိခံစားရမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)