ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများ ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား စက်တင်ဘာ ၁၆

ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green School) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean and Green School Award) ချီးမြှင့်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ပြည်နယ်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင်က ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်းများဖော်ဆောင်ရေးဆိုင်ရာ စီမံချက်ရေးဆွဲ အတည်ပြုနိုင်ရေး၊ အခြေခံပညာကျောင်းများတွင် လုပ်ငန်းစီမံချက်များ ဖော်ဆောင်နိုင်ရေး တက်ရောက်လာသူများက အလေးအနက်ထား ဆွေးနွေးကြရေး တိုက်တွန်းပြောကြားပြီး ကျောင်းဆုရွေးချယ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ဆုချီးမြှင့်ခြင်း အစီအစဉ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၏ အဓိကပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး အစီအစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားရေး ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ခိုင်စိုးနှင့် ပြည်နယ်ပညာရေးမှူးတို့က ပြည်နယ်အတွင်း သန့််ရှင်းရေးစိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေး၊ ကျောင်းများဆုများ ချီးမြှင့်ခြင်းအစီအစဉ်များနှင့် ဆောင်ရွက်ထားသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြည်နယ်အတွင်းရှိ ကျောင်းများအတွက် ရေးဆွဲထားသည့် လုပ်ငန်းအစီအမံများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ပေါ်ထွန်းလာရေးနှင့် ကျောင်းဆုချီးမြှင့်နိုင်ရေးအတွက် ကချင်ပြည်နယ် စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ရေးဆွဲချမှတ်ထားသော အခြေခံစံနှုန်း (၄)ချက်နှင့် အညွှန်းကိန်း (၁၇)ချက်ဖြင့် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ချီးမြှင့်ခြင်း အစီအစဉ်များကို နှစ်စဉ်ဇွန်လ (၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ အများပြည်သူ အပန်းဖြေသည့်နေရာများ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံအတွင်း အများပြည်သူ အပန်းဖြေနိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကလေးကစားကွင်း အဆင့်မြှင့်တင်ဆောင် ရွက်နိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့မှတစ်ဆင့် မြစ်ကြီးနားလေဆိပ်သို့ သွားရောက်ပြီး လေဆိပ်ဝင်းအတွင်း စည်ပင်သာယာရေးအဖွဲ့ အမှုထမ်းများက လေဆိပ်ဝင်း သန့်ရှင်းသာယာလှပရေးအတွက် မြေယာရှုခင်းအလှဆင်နေမှုနှင့် လမ်းလယ်ကျွန်းများတွင် ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက အများပြည်သူ ဝင်/ထွက်သွားလာ၍ အနားယူသည့်နေရာများကို သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)