လားရှိုး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်စေတီတော်မြတ်ကြီးပရဝုဏ်ရှိ ဆင်းရွှေလီ ဗိမ္ဗာန်တော်ကြီး၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က တန့်ယန်းမြို့အသစ်တည်ထားလျက်ရှိသော မြို့ဂုဏ်ကျက်သရေ ဆောင်အောင်တော်မူစေတီတော်ကြီး၌ တင်လှူပူဇော်မည့် ရွှေထီးတော်ကြီးအား တည်ဆောက်ရေးကော်မတီထံသို့ လွှဲပြောင်းပေးအပ်/လက်ခံခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ‘နမောတဿ’ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါ စရိယ၊ မဟာဗောဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက် ၍ စေတီတော်တည်ဆောက်ရေးကော်မတီ ဩဝါဒါစရိယဆရာတော် မူဆယ်မြို့ လွယ်တိန်ခမ်း ကျောင်းတိုက်ဆရာတော် အဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ၊ လားရှိုးမြို့ ရန်တိုင်းအောင်စေတီ ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂမဟာဂန္တဝါစကပဏ္ဍိတ ဆရာတော်၊ အောင်တော်မူစေတီတည်ဆောက်ရေးကော်မတီ ဩဝါဒါစရိယ အဖွဲ့ဆရာတော်၊ တန့်ယန်းမြို့ ကိုင်းကုန်းပရိ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက (အဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တကုသလဆရာတော်ကြီးများထံ မှဩဝါဒကထာနာယူခဲ့ကြသည်။
ထို့နောက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အလှူရှင် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့် မိသားစု ကိုယ်စား ရန်တိုင်းအောင်စေတီ ဂေါပကအဖွဲ့မှ လွှဲပြောင်းပေးအပ်ရာ အောင်တော်မူ စေတီတည်ဆောက်ရေး နာယကများဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဦးစိုင်းမြင့်ဆွေတို့က လည်းကောင်း၊ ရွှေထီးတော်အလှူရှင် လွယ်တိန် ခမ်းကျောင်းတိုက်ဆရာတော် အဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒမှ လွှဲပြောင်းပေးအပ်ရာ စေတီတော်တည်ဆောက်ရေး နာယကများ ဖြစ်သည့် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်၊ အောင်တော်မူစေတီတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းရွှေလှတို့ကလည်းကောင်း လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား စိန်ဖူးတော်တွင် တပ်ဆင်မည့် ရတနာပစ္စည်းများ၊ လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရား တော်များနာယူခြင်း၊ လှူဒါန်းမှူးအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း၊ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး