တောင်ကြီး စက်တင်ဘာလ ၁၆
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနား ဂုဏ်ပြုယာဉ်များ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားကို ဂုဏ်ပြုယာဉ်များဖြင့် ဂုဏ်ပြုချီတက်သွားနိုင်ရန်အတွက် ဂုဏ်ပြုယာဉ် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ လိုအပ်သည့်ကိစ္စများ ကြိုတင်ပြင်ဆင်ထားရန်နှင့် ကြိုတင်စီမံရေးအတွက် ယခုလို အစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် တည်ဆောက်သရုပ်ဖော်မည့် ဂုဏ်ပြုယာဉ်များကို မိမိတို့ပြည်နယ်က အေးချမ်းတည်ငြိမ်မှုရှိသည့်အတွက် ဖွံဖြိုးတိုတက်မှု၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများစသည်ဖြင့် မိမိတို့ပြည်နယ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုယာဉ်ကို အကောင်းမွန်ဆုံး ပြင်ဆင်နိုင် ရေးအတွက် ယခုအစည်းအဝေးတွင် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြပေးကြရန် ပြောကြားသည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ဆောင်ရွက်ချက် ဂုဏ်ပြုမှတ်တမ်းခွေများပြသပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားဂုဏ်ပြုယာဉ်များ ကြိုတင်ပြင်ဆင်ရေး အတွက် လုပ်ငန်းဆပ်ကော်မတီအလိုက် ရှင်းလင်းတင်ပြရာ ဂုဏ်ပြုယာဉ်များ ပြင်ဆင်ဆောင်ရွက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာရေးကြီးကြပ်မှုဆပ်ကော်မတီ၊ ဂုဏ်ပြုယာဉ်များ ပြင်ဆင်တည်ဆောက်ရေးဆပ်ကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးဆပ်ကော်မတီ၊ လုံခြုံရေး ဆပ်ကော်မတီတို့မှ အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက လိုအပ်သည့်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)