မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးခရိုင် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နှင့်အောင်မြင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး၊ စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်) မှ “အောင်မြင်မှုဆိုသည်က အောင်ပွဲတစ်ခုမဟုတ်။ အောင်မြင်မှုသည် ဘဝတစ်လျောက်လုံးပင် လောကကောင်းကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်စွမ်းရှိအောင် နိုင်ငံ၊ လူမျိုး၊ ဆွေမျိုး မိဘတို့၏ ကောင်းကျိုးကို တာဝန်သိစွာထမ်းဆောင်တတ်အောင်၊ မိမိကိုယ်ကို တန်ဖိုးရှိသူ ဖြစ်အောင် ပျိုးထောင်ဖြည့်ဆည်းပြီး မြှင့်တင်တတ်အောင် လမ်းဖြောင့်ဖြူးခြင်းဖြစ်၏။ ဘယ်လို အခက်အခဲရှိရှိ ဖြတ်သန်း၏။ ဘယ်ပုံအတားအဆီးတွေ့တွေ့ ကျော်လွှား၏” ဟု ဆွေးနွေးခဲ့ပြီး၊ စာရေးဆရာမနွေးမှ “လူငယ်များသည် အခက်အခဲအတားအဆီးအမျိုးမျိုးကို ဖြတ်သန်း ကျော်လွှားရဲရမည်။ ဘဝကိုအောင်မြင်စွာ တည်ဆောက်နိုင်ရမည်” ဟု အသီးသီး ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စာရေးဆရာကြီးများနှင့် စာပေဝါသနာရှင်များ စုစုပေါင်း(၁၄)ဦးတက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)