နမ့်စန်(တ) စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အမှတ်(၅)ရပ်ကွက်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်း၍ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre ) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းတို့က အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း၊ ပလတ်စတစ်၏ဆိုးကျိုးများ၊ ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ်လျှော့ချသုံးစွဲရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး စာအုပ်ပြပွဲဆောင်ရွက်ခဲ့သည်။
ထိုနောက် ဟောပြောပွဲတက်ရောက်လာကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အခြားအသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)