ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သော ကျပ်(၈)ဘီလီယံကိစ္စနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၆

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သော ကျပ်(၈)ဘီလီယံကိစ္စနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ(၁၅)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် မတည်ထောက်ပံ့ငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျပ်(၈)ဘီလီယံ ရရှိခဲ့ပါကြောင်း၊ ယခုလိုရရှိခဲ့သည့် မတည်ထောင်ပံ့ငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲနိုင်ရေးအတွက် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လာရောက်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပါကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေများကို ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စီးပွားရေးကုန်ထုတ် လုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ သမဝါယမအသင်းဖြင့် ဆောင်ရွက်မည့် စီးပွားမြင့်မားရေးလုပ်ငန်း စသည့်တို့တွင် အကျိုးရှိရှိ ရင်းနှီးမြုပ်နှံ ဆောင်ရွက်ရန်အတွက် ဌာနအလိုက်ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြရန်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အသုံးချပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သော ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန အသီးသီးမှ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့မှ ဆွေးနွေးတင်ပြ၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည့်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)