မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မိုင်း‌ငေါ့    စက်တင်ဘာ    ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ(၉) ရက်နေ့ နံနက်ပိုင်းမှစတင်၍ စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တယာယီ ပိတ်ထားကြောင်း သိရသည်။

မိုင်းငေါ့ပြည်သူ့စာကြည်တိုက် စာအုပ်ငှားရမ်းခြင်းများ ခေတ္တယာယီပိတ်ထားသော်လည်း ပြည်သူများအတွက် မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် Page မှ Online စနစ်ဖြင့် ကလေးသူငယ်များအတွက် ရုပ်ပြပုံပြင် ပြောကြားခြင်း၊ ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်ခြင်း၊ ရုပ်ပုံလေးများအား ဆေးရောင်ခြယ်သခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စာပေချစ်မြတ်နိုးသူများအတွက် စာအုပ်/ စာစောင်များကို မိတ်ဆက်ပြသပေးခြင်း စသည့်အစီအစဉ်များကို နေ့စဉ်တင်ဆက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများအတွက်  Online မှတဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကလေးသူငယ်များ စာပေဗဟုသုတများ ပိုမိုတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး Iprd Mongngaw Page မှလည်း အသိပညာပေး ဆောင်ရွက်မှုများ၊ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေသောသတင်းများအား ပြည်သူများသိရှိနိုင်စေရန် သတင်းထုတ်ပြန်ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)