ကျောက်ဆည် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယာမြေများတွင် ဈေးကွက်ဝင်လျက်ရှိသော ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာပြီး ရဲဘော်ကြီးကျေးရွာတွင် စိုက်ပျိုးထားသော ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ငှက်ပျောသီးနှံစိုက်ပျိုးခြင်းသည် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ခြင်း၊ အလုပ်သမား ရှားပါးခြင်းနှင့် သွင်းအားစုမြင့်မားခြင်းများ မရှိခြင်းတို့ကြောင့် တောင်သူများ ပိုမိုစိုက်ပျိုး လာကြောင်း၊ ငှက်ပျောစိုက်ရာတွင် အစိုဓာတ်လုံလောက်စွာ ရရှိစေရန်အတွက် မိုးရာသီတွင် အများဆုံးစိုက်ပျိုးကြကြောင်းနှင့် တစ်ပင်တန်းနှင့် နှစ်ပင်တန်း (စွယ်စုံ) စိုက်ပျိုးခြင်းဟူ၍ အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ နှစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက အတန်းကြား (၁၀) ပေခန့်အကွာ စိုက်ပျိုးကြပြီး တစ်ဧကအပင်(၈၀၀)ခန့်ဝင်ဆံ့ကြောင်း သိရသည်။
ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး(၈)လအကြာတွင် ငှက်ပျောအဖူးများ စတင်ထွက်ရှိလာပြီး (၁၂) လအကြာတွင် စတင်ခုတ်ရောင်းရကြောင်း၊ နှစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးပင်နှင့် စိုက်စရိတ်များ၊ ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ ပင်စည်ခုတ်လှဲရှင်းလင်းခြင်းများ အပါအဝင် စုစုပေါင်း ငွေကျပ် (၁၀) သိန်းနီးပါး ကုန်ကျကြောင်းနှင့် တစ်ဧကငွေကျပ် (၂၅) သိန်းကျော် ပြန်လည်ရရှိကြောင်း ရဲဘော်ကြီး ကျေးရွာမှ တောင်သူဦးမောင်ဦးက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)