ရန်ကုန် စက်တင်ဘာ ၁၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်ပညာရေးဌာနမှ လက်ထောက်ကြီးကြပ်ဒေါ်အေးအေးမျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက လူငယ်များကျောင်းသင်ခန်းစာအပြင် ကိုယ်လက်လှုပ်ရှားအားကစားနည်းများနှင့် အကျွမ်းတဝင်ရှိစေရေးအတွက် အားကစားနည်းများဆောင်ရွက်ကြရန်လိုကြောင်း၊ အားကစားဆိုသည်မှာ ဉာဏ်ရည်နှင့်ခွန်အားကိုအသုံးပြု၍ လှုပ်ရှားယှဉ်ပြိုင်ခြင်းကိုခေါ်ဆိုကြောင်း၊ နောင်တွင်အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ်လူငယ်များဖြစ်ရေးအတွက် လူငယ်များအနေဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး တိုက်ကွမ်ဒိုနှင့်အေရိုးပစ်ကစားနည်းများအား သရုပ်ပြကစားခဲ့ကြောင်း သိရသည်။
ထို့နောက်သရုပ်ပြအားကစားအဖွဲ့များအား တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ တိုင်း/ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စား တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)