အလုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

အလုံ        စက်တင်ဘာ     ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့မွန်းလွဲ  ၁ နာရီက အလုံမြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့မှ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုစာဖတ်ဝိုင်းကို ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်အတွက် ရည်ရွယ်ကာ လစဉ်ဆောင်ရွက်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကိုဆောင်ရွက်ရာ Book Club အဖွဲ့ဝင် ဦးထင်ဇော်လတ် (တရားလွှတ်တော်ရှေ့နေ)က စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် သိက္ခာရှိစွာဖြင့် အောင်မြင်မှုကိုရယူခြင်း ဆောင်းပါးကိုလည်းကောင်း၊  ဦးစီးအရာရှိဒေါ်တင်တင်ချိုက စာရေးဆရာနန္ဒာမိုးကြယ်ရေးသားသည့် လူငယ်ထုအတွက် ဘဝလမ်းညွှန်းဆောင်းပါးကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့၀င် စာရေးဆရာမ အေး(ရန်ကုန်တက္ကသိုလ်)က ဆောင်းပါးပါအကြောင်းအရာများကို ကောက်နုတ်ပြောကြားပြီး အဖွဲ့ဝင်ဦးအောင်စိုး အောင်စိုး(အလုံ)က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းသို့ အလုံမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)