ဟိုပန် စက်တင်ဘာ ၁၆
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများသမားရိုးကျ စိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်သို့ ကူးပြောင်းစိုက်ပျိုးပြီး သီးနှံများအထွက်ပိုမိုကောင်းမွန်၍ ဝင်ငွေတိုးတက်မြင့်မားလာစေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဟိုပန်မြို့နယ်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုပန်ခရိုင်၊ စိုက်ပျိုးရေဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော် က အဖွင့်အမှာစကားပြောကြားပြီး "စားသုံးဆီဖူလုံဖို့ နေကြာသီးနှံ စိုက်ကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေး ပြောကြားသည်။ ဆက်လက်၍ ပန်လုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်ဦး က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ခရိုင်မျိုးစေ့အရည်အသွေးတာဝန်ခံ ဒေါ်သူဇာမိုး က စပါးမျိုးစေ့ ထုတ်လုပ်ခြင်းနည်းပညာနှင့် မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သော်တာထွန်း က ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းနှင့် ပိုးသတ်ဆေးစနစ်တကျ သုံးစွဲခြင်းဆိုင်ရာများနှင့် ခရိုင်မြေအသုံးချရေး တာဝန်ခံက သဘာဝမြေဩဇာနှင့် သဘာဝရွက်ဖျန်းအားဆေးရည် ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများစသည့် စိုက်ပျိုးရေး နည်းပညာဆိုင်ရာများကို ကဏ္ဍအလိုက်ပို့ချခဲ့ကြောင်း သိရသည်။
ထို့နောက် နေကြာမျိုးစေ့ထောက်ပ့ံပေးအပ်ပွဲကျင်းပရာ ဟိုပန်မြို့နယ်၊ ပန်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရေး နေကြာသီးနှံစိုက်ပျိုးနိုင်ရန် ဟိုပန်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သည့် နေကြာသီးနှံစိုက်ပျိုးဧက(၁၀)ဧကအတွက် နေကြာမျိုးစေ့ပြည်(၄၀)အား ပေးအပ်ရာ ဒေသခံတောင်သူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းသို့ ဟိုပန်မြို့နယ်၊ ပန်လုံမြို့ မုန်းကွန်ကျေးရွာမှ ဒေသခံတောင်သူ (၁၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)