ဗဟန်း စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့(၁၃:၀၀)နာရီက ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်း ပြည်သူအားလုံးရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မြို့နယ်အတွင်းစစ်ကြောင်းကြီး(၅)ကြောင်း ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အလိုက်ခေါင်းဆောင်များက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်သွားရန်နှင့် ကွင်းဆင်းဆောင်ရွက်မှုမှတ်တမ်းများကို ပြန်လည်တင်ပြသွားရန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးက ရွေးကောက်ပွဲအတွက် မဲစာရင်းများစနစ်တကျဖြစ်စေရေးဆောင်ရွက်လျက်ရှိကြောင်း၊ အိမ်ထောင်စုစာရင်းမှ မထုတ်ရသေးသည့် သေဆုံးသူများကို စာရင်းပယ်ဖျက်ရေးကိစ္စများ၊ ပန်းခင်း-၂ စီမံချက်ဖြင့် ဆောင်ရွက်နေမှုကိစ္စများကို ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာဌေး (ပြန်/ဆက်)