တောင်ကြီး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိသည်။
ထိုသို့ ငှားရမ်းပေးရာ ရွှေညောင်မြို့ အ.ထ.က နှင့် အ.လ.က(ခွဲ) ၃ ကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများအတွက် စာအုပ်များငှားရမ်းနိုင်ရေး အသင်းဝင်ကတ်ပြားများ ဆောင်ရွက်ပေးပြီး၊ သုတရသစာအုပ် ၂၅၀ ကို စနစ်တကျ ငှားရမ်းပေးလျက်ရှိသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းကို တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ အလှည့်ကျသွားရောက် ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်သစ်များ လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း