ကွမ်းလုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းအတွင်း ပါဝင်သွားသော မြေယာ၊ သီးနှံနှင့် အဆောက်အဦ များအား တတိယအကြိမ် လျော်ကြေးများကို ယနေ့ နံနက်(၁၁) နာရီ အချိန်ခန့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းအတွင်း ပါဝင်သွားသော မြေယာ(၈.၄၇၈)ဧကအတွက် မြေယာလျော်ကြေး ကျပ်(၈၄)သန်းကျော်၊ သီးနှံ လျော်ကြေး ကျပ်(၉၁)သန်းကျော်နှင့် အဆောက်အဦလျော်ကြေး ကျပ်(၂)သန်းကျော် စုစုပေါင်း တတိယအကြိမ် လျော်ကြေးငွေ အနေဖြင့် ကျပ်(၁၇၉) သန်းကျော်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် တံတားဦးစီးဌာနမှ တာဝန်ရှိသူတို့က တောင်သူ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြသည်။
အဆိုပါ သံလွင်မြစ်ကူး တံတားသစ် စီမံကိန်းအတွက် မြေယာ၊ သီးနှံနှင့် အဆောက်အဦးလျော်ကြေး အနေဖြင့် ပထမအကြိမ်တွင် ကျပ် (၅၀၀) သန်း၊ ဒုတိယအကြိမ်တွင် ကျပ်(၁၀၅) သန်းနှင့် တတိယအကြိမ်တွင် (၁၇၉) သန်းကျော် စုစုပေါင်း ကျပ်(၇၈၄)သန်းကျော် ပေးလျော်ပြီး ဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်ကူး ကွမ်းလုံတံတားသစ် အနေဖြင့် တရုတ်နိုင်ငံမှ တာဝန်ယူ တည်ဆောက်ပေးသွားမည် ဖြစ်ပြီး တံတား အရှည်(၂၈၆)မီတာ၊ တံတားအကျယ်(၁၂)မီတာရှိသော နှစ်လမ်းသွား တံတားဖြစ်ကာ (၃)နှစ် စီမံကိန်းဖြင့် တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)