လောက်ကိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Mask များကို အခမဲ့ဖြန့်ဝေခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

လောက်ကိုင် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို နံနက် (၉)နာရီခွဲအချိန်က လူစည်ကားရာနေရာများဖြစ်သော အမှတ်(၁)ရပ်ကွက်၊ ကြာပန်းအဝိုင်း၊ အမှတ်(၂)ရပ်ကွက်၊ ဘုံခုနစ်ဆင့်(အသစ်)အဝိုင်းနှင့် အမှတ်(၃)ရပ်ကွက်၊ ရင်ဖုန်းအဝိုင်းတို့တွင် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအား တပ်ဆင်သွားလာကြရန်၊ မတပ်ဆင်ပဲနေအိမ်ပြင်ပသို့ ထွက်ခွါခြင်းမပြုကြရန်နှင့် အိမ်သို့ပြန်လည်ရောက်ရှိပါက စက္ကန့် (၂၀) ကြာ လက်ကိုစနစ်တကျဆေးကြောကြရန်တို့ကို အသိပညာပေးပြီး၊ နှာခေါင်းစည်း Mask များကို အခမဲဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ့ခြင်းဖြင့် ရောဂါများကူးစက်မှုနည်းပါးကြောင်း၊ ဆေးအကြိမ်ပြည့်ထိုးနှံရမည့်အကြောင်းများပါရှိသည့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြသည်။

လောက်ကိုင်မြို့အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်စာရေးများဖြင့် သက်ဆိုင်ရာတာဝန်ကျနေရာများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယု