မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် စစ်တုရင်အသင်းနှင့် ဘတ်စကက်ဘော အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၁၆

မော်လမြိုင်မြို့၊  Golden River Hotel၌ တိုင်းဒေသကြီး၊ ပြည်နယ် စစ်ဘုရင်ပြိုင်ပွဲတွင် လူငယ်တံစွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် မွန်ပြည်နယ် စစ်တုရင်အသင်းနှင့် (3 On 3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည်နယ် ဘတ်စကက်ဘောအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င်၀န်ကြီးများ ဌာနဆိုင်ရာများ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားသမားများမှ တစ်ဦးချင်းစီ မိတ်ဆက်ပေးခဲ့ကြပြီး စစ်တုရင်လူငယ်တံခွန်စိုက်ဒိုင်းဆုကို ပြန်လည်အပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူကာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားသည် ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝိရိယများအပြင် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေကြောင်း၊ လူငယ်၊ လူရွယ်များအနေဖြင့် အားကစားတွင် စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးတို့အတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ အားကစားကောင်းမှ ပညာကောင်းမည်ဖြစ်ပြီး ပညာကောင်းမှ နိုင်ငံတိုးတက်မည်ဖြစ်သည့်အတွက် ပညာတတ်၍ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်သော လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အားကစားကဏ္ဍကို ပညာရေးနှင့်ပေါင်းစပ်မြှင့်တင်ပေးရမှာဖြစ်ကြောင်း၊ အောင်ပွဲရအားကစားသမားများအနေဖြင့် ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိကာ မွန်ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင်ကြိုးစားလေ့ကျင့် သွားကြရန်လိုအပ်သလို နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်လည်း စွမ်းစွမ်းတမံ ကြိုးစား သွားကြစေလိုကြောင်းနှင့် တာဝန်ရှိသူအားလုံးကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက်မွန်ပြည်နယ် စစ်တုရင်အသင်းနှင့် ဘတ်စကက်ဘောအသင်းတို့မှ နည်းပြနှင့်အုပ်ချုပ်သူတို့က ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်မှ  ဂုဏ်ပြုငွေများ ချီးမြှင့်ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အားကစားသမားများအား ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)