သီပေါမြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရွေ့လျားအသိပညာပေးခြင်း ဆောင်ရွက်

သီပေါ  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကြက်ခြနီအသင်းခွဲနှင့် နမ့်လန်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍    သီပေါမြို့ပေါ်နှင့်     ကျေးရွာများတွင်   မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေး ပိုစတာများ စိုက်ထူခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရွေ့လျားအသိပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်း က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းနှင့် အလုပ်အမှုဆောင်များ၊ နမ့်လန် ကျေးရွာကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများ မြေမြုပ်မိုင်းအန္တရာယ်ကင်းဝေး စေရေးအတွက် မိုင်းအသိပညာပေး ပိုစတာများကို သီပေါ်မြို့ပေါ်နှင့် နမ့်လန်၊ နားမခေါ်၊ မန်လီ စသည့်ကျေးရွာများရှိ လူအများမြင်သာသည့် နေရာများတွင် စိုက်ထူခဲ့ကြသည်။

ထို့နောက်  ကိုဗစ်−၁၉ လတ်တလော  အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်  ပတ်သက်၍ ရှောင်ရန်/ ဆောင်ရန်များ၊   စနစ်တကျ လက်ဆေးနည်းများ၊  ကလေးသူငယ်များအား ရောဂါကာကွယ်ရေး အသိပညာ ပေးခြင်းများ၊ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်နည်းများကို  အသိပညာပေးနှိုးဆော်ခြင်းနှင့်  လူအသွားအလာများသည့် နေရာများတွင် အသိပညာပေးပိုစတာကပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)