ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ စက်တင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့က စာရေးဆရာ အကြီးကိုကို(ကသာ) ရေးသားထားသည့် "လူငယ်လူကောင်း" စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးမျိုးသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်နှင့် စာရေးဆရာ ဘုန်းရဲနိုင်တို့က " လူငယ်တွေဟာ ကျောင်းစာသင်ချိန်မှာ ကျောင်းစာကိုကြိုးစားကြရန်လိုကြောင်း၊ မိဘ၊ ဆရာ ဆရာမများရဲ့ ဆိုဆုံးမမှုတွေကို ရင်ဝယ်ပိုက်ပြီး လောကကောင်းကျိုးကို အကျိုးဆောင်နိုင်အောင် စွမ်းဆောင်ရန်လိုကြောင်း၊ လူငယ်တွေအနေနဲ့ စာဖတ်ရန်လိုကြောင်း၊ စာဖတ်ခြင်းအားဖြင့် အချက်အလက်တွေရမယ်၊ ဉာဏ်ပညာ အမြှော်အမြင်တွေ ရရှိမည်ဖြစ်ကြောင်း၊ မိမိရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ကောင်းစေချင်ရင် မိမိကိုယ်ကို လူကောင်း လူတော်ဖြစ်အောင်ကြိုးစားရန်လိုကြောင်း၊ လူငယ်တွေကို လူတော်လူကောင်းများ ဖြစ်စေလိုကြောင်း" စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)