မိုင်းဖြတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်နှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ်သတ်မှတ်နိုင်ဖို့ စသည့်ရည်ရွယ်ချက်များဖြင့် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ၊ လူကုန်ကူးမှု ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများ၊ လူကုန်ကူးမှုမဖြစ်ပေါ်အောင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင်များအနေဖြင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာများကို ရရှိထားရမည်ဖြစ်ကြောင်းနှင့်စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းကို ဆက်လက်ဆွေးနွေးပို့ချရာ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ ရဲမှူး ဝင်းတင့်နှင့် တာဝန်ရှိသူများက သင်တန်းကို ဆက်လက်ဆွေးနွေး ပို့ချခဲ့သည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ဥပဒေ၊ နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းခြင်း စသည့်ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်(၆၀)ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)