ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)ကျင်းပ

စစ်တွေ  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)ကို ယမန်နေ့နေ့လယ် ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း ပြည်ထောင်စုအအဆင့်မှ လာရောက်ခဲ့သည်ခရီးစဉ်ဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့်နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးဘဏ္ဍာရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများဆိုင်ရာကိစ္စများ၊ တစ်လတာကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကိစ္စများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ကဏ္ဍများအလိုက်  ဆွေးနွေးပြောကြားကြပြီး  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက (၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြောကြားကာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့်ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)