မြောက်ဦးမြို့၌ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်

မြောက်ဦး စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့ နေ့လည် ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေက ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်  Talk Show ကျင်းပရခြင်း၏ ရွယ်ရည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဇော်ဝင်းက အိုဇုန်းလွှာသည် အောက်ဆီဂျင်အက်တမ် သုံးခုဖြင့်ဖွဲ့စည်း ထားသည့် အိုဇုန်းဓါတ်ငွေ့အလွှာဖြစ်သည်။ အိုဇုန်းသည် အပြာရောင် ဖျော့ဖျော့၊ အနံ့ စူးရှ၍ အလွန်အဆိပ်ပြင်းသည့် ဓါတ်ငွေ့ဖြစ်ပြီး မြေပြင်တွင်တည်ရှိပါက  အန္တရာယ်ဖြစ်စေနိုင်သည့် ညစ်ညမ်းဓါတ်ငွေ့တစ်ခုဖြစ်သည်။ ကမ္ဘာ့လေထုလွှာ၏ ဒုတိယအလွှာဖြစ်သော စထရာတို စဖီယားအလွှာ ယေဘုယျအားဖြင့်  ကမ္ဘာ့မြေမြင်အထက် ၆ မိုင် မှ ၃၁ မိုင်အတွင်း ဖွဲ့စည်းဖြစ်ပေါ် လျက်ရှိသည့် အိုဇုန်းလွှာသည် အိုဇုန်းအငွေ့များစုစည်းထားသည့် ၃ မီလီမီတာ အထူမျှသာရှိပြီး ပါးလွှာသည့် အငွေ့အတန်းဖြစ်ပြီး ကမ္ဘာ့ကြီးကို လွှမ်းခြုံကာကွယ်ထားပါသည်။ အိုဇုန်းလွှာပျက်စီး ရခြင်းသည် အိုဇုန်းလွှာပျက်စီးစေသည့် (Ozone Depleting Sybstances -ODS) လို့ ခေါ်သည့် လူတို့ဖန်တီးထုတ်လုပ်ထားသော ကလိုရင်း (Chlorine) နှင့် ဘရိုမင်း (Bromine) ပါဝင်သည့် ရေခဲသေတ္တာ၊ လေအေးပေးစက်၊ စပရေးဗူး စသည့်ပစ္စည်းများကို ပိုမိုအသုံးပြုလာခြင်းကြောင့် ဖြစ်သည်။ အိုဇုန်းလွှာပျက်စီးခြင်းကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် မွန်ထရီရယ် နောက် ဆက်တွဲ စာချုပ်အဖွဲ့ဝင်နိုင်ငံများအောက်တွင် နိုင်ငံပေါင်းစုံရန်ပုံငွေဆိုင်ရာ အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့အောက်တွင် UNDP ၊ UNEP ၊ UNTDO ၊ World Bank တို့ပါဝင်သည့် အကောင်အထည်ဖော် အဖွဲ့အစည်း ဖွဲ့စည်းကာ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသား အိုဇုန်းယူနစ် အဖွဲ့ဝင်နိုင်ငံများဖြင့် အိုဇုန်းလွှာကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community center ပြည်သူ့စာကြည့်တိုက်သို့ ရောက်ရှိလာသော စာငှား၊ စာဖတ်ပရိတ်သတ်များကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဇော်ဝင်းနှင့် အငယ်တန်းစာရေး ဒေါ်စုလှိုင်ဌေးတို့က အသိပညာဗဟုသုတရရှိစေမည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။   

မြင့်စိုး(ပြန်/ဆက်)