ကျောက်ဆည်မြို့နယ်တွင် သပြေပန်းစိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ကျောက်ဆည် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင် သပြေပန်းစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းနှင့် အညွှန့်(၁၀)ညွှန့်ပါ သပြေကိုင်း(၃)ကိုင်း တစ်စည်းလျှင် ငွေကျပ်သုံးရာဖြင့်ရောင်းချရကြောင်း သိရှိရသည်။

သပြေပန်းစိုက်ပျိုးရာတွင် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် (၅) ပေ၊ တစ်တန်းနှင့် တစ်တန်း (၆) ပေအကွာ စိုက်ပျိုးခြင်းဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး လိုအပ်သလို ရေသွင်းရေ ထုတ်ပြုလုပ်နိုင်သောကြောင့် အပင်များအကိုင်းအခတ်ဖြာထွက်မှု ကောင်းမွန်ပြီး အရောင်အသွေးကောင်းမွန်သည့်အတွက် ရောင်းချရာတွင် ဝယ်ယူသူများ ပိုမိုကြိုက်နှစ်သက်ကြောင်း တံစိုးကျေးရွာမှ သပြေပန်းအပင်(၂၀၀)စိုက်ပျိုး ရောင်းချနေသူ ဒေါ်ခင်အေးပြောပြ၍ သိရှိရသည်။    

သပြေပန်းသည် နှစ်ရှည်အပင်မျိုးဖြစ်ပြီး အခြားသီးပင်၊ စားပင်များကဲသို့ လုပ်အားနှင့် သွင်းအားစု ကုန်စရိတ်နည်းပါးကာ နေ့စဉ်ဝင်ငွေရရှိ၍ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုး သင့်သော ပန်းတစ်မျိုးဖြစ်ကြောင်းနှင့် သပြေပန်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြေင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)