ကချင်ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်းများအား ခရိုင်/ မြို့နယ်အလိုက် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား  စက်တင်ဘာ  ၁၅

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်း (၁၆၇)ဦးတို့အတွက် ငွေကျပ်တန်ဖိုး (၃,၂၃၀,၃၀၀) ရှိ အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၁၀) နာရီတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် ခရိုင်နှင့် မြို့နယ်များအလိုက် တစ်ပြိုင်နက်တည်း ထောက်ပံပေးအပ် ခဲ့‌‌ကြကြောင်း သိရှိရသည်။

အဆိုပါထောက်ပံ့မှုကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဉာဏ်မြင့်ကျော်နှင့် အရာရှိတပ်ဖွဲ့ ဝင်များက မြစ်ကြီးနားခရိုင်အတွင်းရှိ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ရဲမှုထမ်းဟောင်း (၂၈)ဦးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် Mask စုစုပေါင်းတန်ဖိုး ငွေကျပ် (၇၀၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ကြပြီး ချီဖွေ၊ တနိုင်းနှင့် ဆော့လော် မြို့နယ်အတွင်းရှိ ရဲမှုထမ်းဟောင်း (၁၆)ဦးတို့အတွက် ငွေကျပ်တန်ဖိုး (၂၄၉၉၀၀)ကျပ်ရှိ အခြေခံစားသောက်ကုန်များကို မြို့နယ်အလိုက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့မှုနှင့်ပတ်သက်ပြီး အောက်တိုဘာလ (၁) ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နှစ်ရှည်လများစွာ တာဝန်ထမ်းဆောင်၍ ပြည်သူများ ဘဝစိတ် လုံခြုံမှုရရှိရေးနှင့် မှုခင်းများ၊ ကာကွယ်ရေး/ လျော့နည်းကျဆင်းရေးအတွက် ပေးအပ်သည့် တာဝန်၊ ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသည့် ကချင်ပြည်နယ်အတွင်း၌ အခြေချ နေထိုင်ကြသည့် ရဲမှုထမ်းဟောင်း တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အလားတူ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်များအတွင်းရှိ ရဲမှုထမ်းဟောင်း (၁၂၃) ဦးတို့အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် ကြက်သွန်ဖြူ/နီ စုစုပေါင်းတန်ဖိုးငွေ (၂,၂၈၀,၄၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)