ရပ်စောက် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က ရွက်စိမ်းတည်းခို ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းလတ် က အမှာစကား ပြောကြားရာတွင် စံ(၅)ရပ်နှင့်အညီ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေး စသည့်လုပ်ငန်းစဉ် များအတိုင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများမှ လိုက်နာရမည့် စည်းကမ်းချက်များ နှင့် ဖြစ်ပေါ်လာမည့် အငြင်းပွား မှုများအား ကော်မတီနှင့်ညှိနှိုင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးခင်မောင်ယဉ် မှ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်း တာဝန်များကို တက်ရောက်လာသော အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များက သိလိုသည်များကို မေးမြန်ဆွေးနွေး ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)