ပျော်ဘွယ်မြို့နယ်တွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၁၆

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပပြုလုပ်ပေးတဲ့ စစ်တုရင်ပြိုင်ပွဲက ကျောင်းသား၊ ကျောင်းသူများကို စဉ်းစား တွေးခေါ်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိဖို့၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့၊ အားကစားကဏ္ဍတွေထဲက မိမိကြိုက်နှစ်သက်တဲ့ အားကစားနည်းအပေါ်မှာ ပိုမိုထူးချွန်တဲ့ သူတွေဖြစ်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ်ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။

အဆိုပါပြိုင်ပွဲသို့ မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးပါဝင်ကာ ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)