ကျောက်ပန်းတောင်း စက်တင်ဘာ ၁၅
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တည်ပင်တဲကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း မိုင်တိုင် (၄၅/၁) အနီးတွင် ယမန်နေ့ည (၈) နာရီခန့်က သန်မြန်သူခရီးသည်တင်ယာဉ်နှင့် ပုဂံမင်းသားခရီးသည်တင်ယာဉ်တို့ တိုက်မှုဖြစ်ပွာပြီး၊ သေဆုံးသူ (၁၃) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၃) ဦးရှိခဲ့ရာ၊ အဆိုပါ သေဆုံး/ဒဏ်ရာရသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညောင်ဦးခရိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ယနေ့မွန်းလွဲ (၁) နာရီခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးယဉ်ထွေးနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်တို့သည် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ကျန်းမာရေးမှူးတို့ လိုက်ပါလျက် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများကကြိုဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ခဲ့သူများအား ဆေးရုံအတွင်းဝင်ရောက် ကြည့်ရှုအားပေးစကားပြောကြားကြပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေတစ်ဦးလျှင် ငွေကျပ်(၁)သိန်းကို လူမှုရေးဝန်ကြီးဦးယဉ်ထွေး ကလည်းကောင်း၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေတစ်ဦးလျှင် (၃) သောင်းကျပ်ကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ တစ်ဦးလျှင် (၅) သောင်းကျပ်စီကို မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် သေဆုံးသူ (၁၃) ဦး၏ ကျန်ရစ်သူမိသားစုများနှင့် ဆေးရုံတက်ရောက်ကုသနေသူ (လွှဲပို့သူများအပါ) (၂၃) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်စုစုပေါင်း (၁၈၀,၀၀၀) ဖြစ်ရာ စုစုပေါင်းထောက်ပံ့လှူဒါန်းငွေမှာ ငွေကျပ် (၆,၄၈၀,၀၀၀) ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့လှူဒါန်းမှုအပြီးတွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးယဉ်ထွေးသည် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဆေးရုံတက်လူနာများအတွက် ဆေးဝါးနှင့်နေထိုင်မှုကိစ္စအပါအဝင် လိုအပ်သည်များကူညီဆောင် ရွက်ပေးနိုင်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)