ကျောက်ပန်းတောင်း စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တည်ပင်တဲကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၊ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း မိုင်တိုင်အမှတ်(၄၅/၁)အနီးတွင် ယမန်နေ့ ည ၈ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်(၂)စီးတိုက်မှုဖြစ်ပွားရာ အခင်းဖြစ်နေရာတွင်ပင် လူ(၁၃)ဦးသေဆုံး၍ (၂၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မြို့နယ်တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းဘက်မှ မိတ္ထီလာဘက်သို့ ခရီးသည်(၂၀)ဦးခန့်တင်ဆောင်လာပြီး ယာဉ်မောင်း ဇော်မျိုးထိုက် မောင်းနှင်လာသည့် 1E/------ခရီးသည်တင်ယာဉ်နှင့် မိတ္ထီလာဘက်မှ ကျောက်ပန်းတောင်းဘက်သို့ ခရီးသည် (၂၀)ဦးခန့်တင်ဆောင်ပြီး ယာဉ်မောင်း ကြည်ခိုင်မောင်းနှင်လာသည့် 3Q/----ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ယာဉ်မောင်းများနှင့်ခရီးသည် စုစုပေါင်း (၁၃) ဦးသေဆုံးခဲ့ပြီး (၂၃)ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးမင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ လက်ပံပျား နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများအား သုဂတိရှင်နာမှုကူညီရေးအသင်း၊ မေတ္တာမွန်အသင်း၊ ဆွေသဟာအသင်း၊ မုဒိတာအသင်း အစရှိသည့် လူမှုကူညီရေးအသင်းယာဉ်များဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် ညောင်ဦးဆေးရုံသို့(၂)ဦး၊ နေပြည်တော်သို့(၂)ဦး၊ မိတ္ထီလာသို့ (၂)ဦးတို့ကို လူမှုကူညီရေး အသင်းပိုင်ကားများဖြင့် လွှဲပို့ခဲ့ကြောင်း၊ ကျန်လူနာ(၁၇)ဦးကို ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ဆေးကုသမှုပေးလျက်ရှိကြောင်းနှင့် အဆိုပါသေဆုံး/ဒဏ်ရာရလူနာများအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျောက်ပန်းတောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကူညီထောက်ပံ့နိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)