မိတ္ထီလာ စက်တင်ဘာ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်းကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်များ တက်ကျွမ်းပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းများထူးထောင်နိုင်ရန် အခြေခံစက်ချုပ် သင်တန်းကိုယနေ့နံနက်က သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများ ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာရပ်များကို အသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီးစျေးကွက်ဝင်အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်နှင့် ကျေးလက်နေ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်များကို တက်ကျွမ်းပြီးတစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်၍ မိသား စုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ အခြေခံစက်ချုပ်သင်တန်းကို ကျေးရွာအရောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။
အဆိုပါအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်နှင့် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းအခြေခံစက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ဖွင့်လှစ်သင် ကြားသွားမည်ဖြစ်ပြီး ကြက်မောက်၊ ဇီးတော၊ ပျဉ်သာကျေးရွာများမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)