သထုံ စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ အလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်၊ ကလေးသူငယ်များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်များ၊ ကလေးအလုပ်သမားများအတွက် ပညာရေး ကျန်းမာရေး လူမှုရေးစသည့် အထွေထွေထိခိုက်ဆုံးရှုံးမှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ တည်ဆဲဥပဒေနှင့်အညီ ကလေးသူငယ်များ ရရှိခံစားရမည့် အခွင့်အရေးများ အကာအကွယ်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ရုံးရှေ့မြေစိုက်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
နဒီ (ပြန်/ဆက်)