ကျောက်တံတား စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster)ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှစ၍ ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးလင်းထူးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်အတွင်းဖွဲ့စည်းထားသည့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအနက် ကျန်းမာရေးစစ်ကြောင်းနှင့် ပညာရေးစစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတ အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)