သီပေါ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ဘော်ကြိုကျေးရွာတွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉) နာရီက ဘော်ကြိုကျေးရွာ လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် သီပေါမြို့နယ်ဘော်ကြိုကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ ကျေးရွာကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ များအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ အိမ်အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်ပြန်ရောက်ပါက လက်ကို ဆပ်ပြာဖြင့် စနစ်တကျ မကြာခဏဆေးကြောရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်စသည့် အသိပညာပေးခြင်းများ ဆောင်ရွက်၍ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)